Shan Herald Agency for News (S.H.A.N.)

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲတွင် ဒေါက်တာစိုင်းခမ်းလိတ် ၏မိန့်ခွန်း (ဒေါက်တာစိုင်းခမ်းလိတ်၏ ဖေ့စ်ဘုခ်မှ ကူးယူဖော်ပြထားပါသည်)

E-mail Print

28.11.2012 ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီ ခန်းမ မှာကျင်းပပြုလုပ်တဲ့ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းအခမ်းအနား” မှာ ဒေါက်တာစိုင်းခမ်းလိတ် မှ ပြောကြားသော မိန့်ခွန်းအပြည့်အစုံအမှာ

Dr. Sai Kham Leik
၁။ နိဒါန်း
၂။ ငယ်စဉ်ကကြီးလာတဲ့ဘဝ
၃။ စပီးသျှမ်းဝတ်စုံ
၄။ နောက်မှသျှမ်းစာ
၅။ နောက်ဆုံးကျမှ သျှမ်းသီချင်း (သျှမ်းအလုပ်)
၆။ ဥပမာများ
(1) သျှမ်းစိတ်ဓာတ်ရှိပါစေ
(2) မီးရှူးခံသီချင်းသစ်
(3) သျှမ်းစာရေးထုံးကော်မရှင်အစည်းအဝေ (၁၉၆၉ )
(4) သျှမ်းမှတ်မိတယ်
(5) ပင်လုံစာချုပ်
(6) တောင်ပေါ်မြေရဲ့တခြားတစ်ဖက်မျက်နှာ
(7) ရာသီပြောင်းချိန်
(8) မန္တလေးရောက်ရှမ်းတယောက်
(9) ဖြတ်သာသွာတယ်မနားတတယ် ၊ လူငယ်ခြေကျ ၊ စာခြောက်ရုပ်

၇။ ကဗျာများ
၈။ မျှောင့်လင့်ချက်မဆုံးစေနဲ့
၉။ နိဂုံး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ရေး
Trust Building for Peace ဆွေးနွေးပွဲတွင်ပြောရန်

ဒီ “ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ရေး” ဆွေးနွေးပွဲကိုတက်ရောက်လာ ကြတဲ့လူကြီးမင်းများကို “မင်္ဂလာပါ” လို့နှုတ်ဆက်လိုက်ပါတယ်။ ကိုယ်နေတတ်သလိုသက် တောင့်သက်သာနေကြပါလို့အရင်ဆုံး မေတ္တာ ရပ်ခံချင်ပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးဆိုတာ ပြောရတာလွယ်သလောက်လုပ်ရတာ သိပ်မလွယ်ကူပါဘူး။ ကျွန်တော်အနေနဲ့ တော့ဒီလိုပဲယူဆပါတယ်။ အခုတွေ့နေကြတဲ့လူတွေဟာစေတနာကောင်းနဲ့ လာကြတဲ့သူတွေဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ အားနာတယ်ဆိုတာ ကျွန်တော်တို့အရှေ့တိုင်းသားခပ်များများရဲ့ အကျင့် တစ်ခုဖြစ်နေတာ ကြာလှပါပြီ။ ယုံကြည်မှုရှိလာဖို့ဆိုတာ အားနာတယ်ဆိုတဲ့ဘောင်ကျော်ဖြတ်ပီးမှသာဖြစ်နိုင်မှာပါ။ အခုလဲရောက်လာကြ
တဲ့လူကြီးမင်းများ ကျွန်တော့်ကို သီချင်းရေးသူတစ်ယောက်လို့သာ အကြမ်းဖျင်းသိထားကြမှာပါ။ ဒါပေမဲ့ကျွန်တော် သီချင်းတစ်ပုဒ်ကိုဖန်တီးဖြစ်အောင်လှုံဆော်ခဲ့တဲ့အကြောင်းအရာတွေ၊ အခြေအနေတွေ၊ ပါ၀င်ပက်သက်ခဲ့တဲ့သက်ရှိ သက်မဲ့တွေကအစအားလုံးထိနားလည်သလားနားမလည်ဘူးလားဆိုတာ သိမှမသိဘဲ။ မှန်တယ်ထင်တာကိုပဲ ဦးစား ပေးရေးရတဲ့ ကျွန်တော့်မူရင်းဝိညာဉ် ၊ မူရင်းစိတ် ၊ မူရင်းကိုယ်တွေကိုကောပြသနိုင်မှ တော်ကာကျမှာပေါ့။ ဒါမှလူဦးရေ
၂၆ သန်းကျော်ကနေ သန်းပေါင်း ၆၀ ကျော်တဲ့အထိနေလာရတဲ့တစ်ယောက်သောသူကတော့ ဒီလိုဘဝမျိုးကိုဖြတ် သန်း ခဲ့ရပါတယ်ဆိုတာသိမှာကိုး။

ကျွန်တော်ရေးသားမဲ့ပုံစံက တောင်းခံထားတဲ့ပုံစံနဲ့ ကိုက်မကိုက် လိုက်မလိုက်တော့မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးရဲ့ မပိုပေမဲ့ဆိုင်နေတဲ့နိုင်ငံ့ ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းကိုတော့ နဂိုကတည်းကယုံကြည် ၊ နဂိုကတည်းကလည်းထပ်တူနီးပါး ရည်မှန်းချက်ရှိလို့ ဝေဖန်တာတွေကိုခါးဆီးပီး ဝိညာဉ်ကော၊ စိတ်ကော၊ ကိုယ်ရော ခံနိုင်လည်းခံ မခံနိုင်လည်းခံရင်း ကိုယ်ဝါသနာပါတဲ့ တေးရေးသူဘဝကိုကြိုးစားပြီးရယူခဲ့တဲ့သူတစ်ယောက်ပါ။ ပါတီနဲ့ အဖွဲ့အစည်းတွေပူးပေါင်းပီး “ ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ရေး ” ဆွေးနွေးပွဲမှာ ပါ၀င်ပြောပြခွင့်ရလို့ အထူးကျေးဇူးတင်ရပါကြောင်း ပြောလိုပါတယ်ခင်ဗျား။

ကျွန်တော်ငယ်တုန်းကတော့ သျှမ်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုမသိခဲ့ပါဘူး။ ကျောင်းနေတော့ နမ္မတူမြို့ ရဲ့ Our Lady’s Convent , မေမြို့ St. Albert’s High school စတဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေမှာနေခဲ့တော့ ဘိုကျောင်းတက်ပြီး ဘိုလိုပဲ ၀တ်ခဲ့ပါတယ်။ သျှမ်းဝတ်စုံကိုအစ်ကိုကြီးတို့ဝတ်တုန်းကလည်း ကြည့်ပြီးသိပ်မကြိုက်ခဲ့ဘူး ။ ဒါပေမဲ့ (၁၉၆၄) ကျောင်းတွေကို ပြည်သူပိုင်သိမ်းတော့ နဂိုကတည်းက ကိုယ့်မြို့ကိုပဲခင်တွယ်တဲ့ကျွန်တော်ဟာ နမ္မတူအစိုးရတန်းမြင့်ကျောင်းကိုပြန်ပြောင်းခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်ဘာလူမျိုးလဲဆိုတာ တေ့တေ့ဆိုင်ဆိုင် တွေ့ရတော့တယ်။

ဘာလို့လဲဆိုတော့ တခြားသျှမ်းတွေကသျှမ်းဘောင်းဘီ ၊ သျှမ်းတိုက်ပုံ၊ အမျိုးသ္မီးတွေက သျှမ်းထဘီ ၊ သျှမ်းအင်္ကျီဝတ် လာကြတာကိုး၊ သူတို့ကတော့ဘာမှမပြောကြ၊ လေးစားသမှုပြုကြပေမဲ့ ကျွန်တော်ကတစ်ယောက်ထဲ သျှမ်းတွေကြားမှာ ဘိုလိုဝတ်နေတော့ ရေရှည်မှာဘယ်နေနိုင်ပါ့မလဲ။ ကိုယ့်ပင်ကိုယ်စိတ်သဘောထားကလဲ လူကြားထဲမှာလိုက်လျော ညီထွေ နေချင်တဲ့ဆန္ဒရှိခဲ့တော့ ကျွန်တော်လဲ သျှမ်းဝတ်စုံနဲ့ ဖြစ်သွားပြီပေါ့လေ။

နောက်ထပ်ကြုံတွေ့ရတာကတော့ ကျွန်တော့ဘဝမှာရှမ်းလိုဝတ် သျှမ်းလိုပြောတတ်ရုံနဲ့ သျှမ်းမဟုတ်သေးဘူး ဆိုတာ ကို ထပ်မံပြသလိုက်သလိုဖြစ်ရပ်ပါ။ ၁၉၆၅ မှာကျောင်းမှာ နံရံကပ်စာစောင်လုပ်ပါတယ်။ အဲ့ဒီမှာ သျှမ်းဆရာ ဦးစိုင်းရွှေထွန်း ကနေ သျှမ်းကျောင်းသားတွေကိုသပ်သပ် အစည်းအဝေးခေါ်ပြီး သျှမ်းဘာသာနဲ့ သျှမ်းနံရံကပ်စာစောင် တစ်ခုလုပ်ဖို့ပြောပါတယ်။

အဲ့ဒါခေါင်းဆောင်တစ်ယောက်ရှိရမယ်ဆိုပြီးပြောတော့ အားလုံးသောကျောင်းသား ကျောင်းသူတွေ ကျွန်တော့်ဖက်ပဲ လှည့်ကြည့်လာတော့ခက်ပြီပေါ့။ ဒါပေမဲ့ ကျွန်တော်ပြဿနာကိုနောက်မှကြည့်ရှင်းမယ်ဆိုပြီး ခေါင်းဆောင်တာဝန်ကို လက်ခံလိုက်ပါတယ်။ နောက်မှပြင်ဦးလွင်မှာနေခဲ့တဲ့ အစ်ကိုဆီကြေးနန်းရိုက်ပြီး သျှမ်းစာအမြန်လာသင်ပေးဖို့ ပူစာ လိုက်ရတာပေါ့။ အဲ့ဒီမှာသျှမ်းလိုဝတ် သျှမ်းစကားပြော၊ သျှမ်းစာရေးသားတတ်ပြီဆိုတော့ပြည့်စုံပြီလို့ထင်မိပါတယ်။

ဒါပေမဲ့မကုန်သေးပါဘူး။ သျှမ်းထုံးစံအရ ဝါတွင်းအဖိတ်နေ့မှာ သျှမ်းလူငယ်မောင်မယ်တွေဘုန်းကြီးကျောင်း ကိုလာ ပြီး ဘုန်းကြီးတွေအတွက်ခဲဖွယ်၊ ရေနွေး၊ တရားနာမဲ့လူတွေအတွက်ရေနွးကြမ်း အကြော် ။ ဥပုသ်နေ့မှာဘုရားဆွမ်း တော်ကပ်ဖို့ ၊ ဘုန်းကြီးအာရုံဆွမ်း၊ ရေနွေးကော်ဖီ ၊ နေ့ဆွမ်း ၊ အသီးဖျော်ရည်များ ၊တရားနာသူတွေအတွက် နံနက်စာ နေ့လည်စာပြင်ဆင်ပြီးကျောင်းဝင်းသန့်ရှင်းရေးစတဲ့ ဝေယျာဝစ္စတွေလုပ်ကြရပါတယ်။

ပြောချင်တာက အဖိတ်နေ့ည ရှစ်နာရီ ကိုးနာရီ ရေနွေးအိုး ဟင်းအိုးတည်ရင်း စောင့်ရင်းဂီတာတီးတတ်သူတွေ (ညီစိုင်းခမ်းသီအပါအဝင်) က ဂီတာတီးပြီးရှမ်းသီချင်းတီးကြဆိုကြတာပေါ့လေ။ တနေ့လာလာလဲဒီသီချင်း (၂)ပုဒ် ၊(၃) ပုဒ် တနေလာလည်း(၂)ပုဒ် ၊(၃) ပုဒ်နဲ့ဆိုတော့ ခေါင်းဆောင်စိုင်းအုံးမြင့်ကို ကပ်ပြီးငါတို့ သျှမ်းသီချင်းဒါဘဲရှိတာလား ဆိုတော့ ဟုတ်တယ်။ တခြားဟာတွေလဲ သျှမ်းနားနဲ့မကိုက်တော့ မကြိုက်ကြဘူးလို့ဆိုတယ် ။ ဒီမှာပဲ ကျွန်တော် ကတော့မပူပါဘူး St. Albert တုန်းကကြားဖူးခဲ့တဲ့ ကမ္ဘာကျော် Beatles ရဲ့ သီချင်းတွေရှိသားဘဲ၊ အဲဒီ tune ယူပြီး သျှမ်းစာသားသွင်းလိုက်ရင် သျှမ်းလည်းဘာသားနဲ့ထုထားတာမို့လို့လဲ ကမ္ဘာကြိုက်သီချင်းတွေ ကြိုက်ရမှာပဲပေါ့။
ဒါပေမဲ့ တကမ္ဘာလုံးကြိုက်တဲ့သီချင်းတွေဟာ သျှမ်းနားနဲ့ကျ မကိုက်ဖူး ဖြစ်နေတော့တစ်ပုဒ်ပြီးတပုဒ် ဘာသာပြန် နေတာနှစ်ဝက်တောင်ကျော်ခဲ့ပြီ၊ အဲဒါနဲ့ Pentatonic scale နဲ့ သီချင်းစပ်ရင်း ပြင်ဆင်ရင်းနဲ့ ၁၉၆၈ ကျမှ ကိုယ့်စိတ်ထဲမှာ သျှမ်းကြိုက်နိုင်တဲ့ စာသားနဲ့သီချင်းပုံစံကိုရတော့တယ်။

ထင်မှတ်တဲ့အတိုင်းပါပဲ အဲဒီသီချင်းကတော့
“တို့ရှမ်းအဝတ်အစားကိုဝတ်ပါ ဘာလို့လဲဆိုရင်တို့ကသျှမ်းမဟုတ်လား”
“တို့သျှမ်းစကားကိုပြောပါ ဘာလို့လဲဆိုရင် တို့ကသျှမ်းမဟုတ်လား” စတဲ့ စာသားတွေပါတဲ့(သျှမ်းစိတ်ဓာတ်ရှိကြပါ) ဆိုတဲ့သီချင်းပါပဲ
“သျှမ်းတွေကြိုက်လာတော့လဲ အဲဒီလိုပုံစံသီချင်းတော်တော်များများရေးခဲ့ပါတယ်။
အဲဒါတွေကတော့ (ဥပမာ)

၁။ သျှမ်းစိတ်ဓာတ်ရှိပါစေ
၂။ မီးရှူးခံသီးချင်းသစ်
၃။
၄။ သျှမ်းမှတ်မိတယ်
၅။ ပင်လုံစာချုပ်
၆။ တောင်ပေါ်မြေရဲ့ အခြားတစ်ဖက်မျက်နှာ
၇။ ရာသီပြောင်းချိန်
၈။ မန္တလေးရောက်ရှမ်းတစ်ယောက်
၉။ ဖြတ်သာသွားတယ် မနားတယ်
၁၀။ လူငယ်အခြေကျ
၁၁။ စာခြောက်ရုပ် အဲဒီသီချင်းတွေ အပါအဝင်ပေါ့။

မီးရှူးခံသီးချင်းသစ်

အဲဒီနောက်ထပ်ပြီးဖော်ပြချင်တဲ့သီချင်းကတော့မီးရှူးခံသီချင်းပါပဲ။ရှမ်းမှာထူးခြားတဲ့အဖြစ် အပျက်တစ်ခုခုကိုရည်စူးပြီး (သို့) အောင်ပွဲခံခြင်းတစ်ခုခုကိုရည်မှန်းပြီး Carol Singing ဆိုပြီးထွက်အလှူခံရပါတယ်။ အဲဒီလိုပွဲမျိုးက ပျောက်ကွယ် စပြုလာပြီမို့တောင်ကြီးမှာပြန်စရင်ကောင်းမှာပဲဆိုပြီးအစ်ကိုကြီးစိုင်းတုံခမ်းကခေါင်းဆောင်အစီအစဉ်လုပ်ပြီး ကျွန်တော်သီချင်းစပ်ဖြစ်သွားတာပါ။
(၁၉၆၉)ခုနှစ်ကပေါ့။ အဲဒီနှစ်မှာပဲတောင်ကြီးမြို့မှာ သျှမ်းစာပေညီလာခံကျင်းပတော့ကျွန်တော်ဟာမန္တလေး တက္ကသိုလ်များ ကိုယ်စားလှယ်လေ့လာသူအနေနဲ့ပါ၀င်ခဲ့ပါတယ်။ အဲဒီမှာသီချင်းနှစ်ပုဒ်သုံးပုဒ်သီဆိုခဲ့ပါတယ်။
(------------ ) အဲဒီမှာစပ်ဖြစ်ခဲ့တဲ့သီချင်းကတော့ (---------) "တိုင်းပြည်လောက်ကြီးတဲ့ ကျီကြီးရှိပေမယ့် ဆန်မရှိရင် ဘာလုပ်ရမှာလဲ" ဆိုတဲ့သီချင်းအဓိပ္ပာယ်က " အပြင်အကာအရံအလှအပ တွေကိုပဲအလေးထားလုပ်ကြပေမယ့် အတွင်းကျတာတွေဘာမှမထူထောင်မတည်ဆောက်ပေးရင်ဘာလုပ်ရမှာလဲ" ဆိုတာပါပဲ။

သျှမ်းမှတ်မိတယ် ( )
"တည်နေရာကတောထဲမျက်မည်းဖြစ်နေတဲ့အချိန်မြင့်မားတဲ့တောင်ကြီးတွေလူမျက်စိနဲ့ မမြင်ရသေးတဲ့အချိန် သံလွင် မြစ်ကိုဘယ်သူမှမဖြတ်ကျော်နိုင်သေးတဲ့အချိန် . . . အဲဒီအချိန်ကစပြီး သျှမ်းမှတ်မိတယ်။ ဒို့အဖိုးအဖွားတွေ ရဲ့အရိုး တွေ လဲဖုန်မှုံ့ဖြစ်ခဲ့တယ် ၊ ချွေးတွေသွေးတွေနဲ့လယ်ယာကိုကျွေးဖို့ရေလုပ်ခဲ့တာပေါ့။ ဆက်နွယ်ထားတဲ့ အသက်ပေါင်း များစွာနဲ့မျိုးစေ့ချခဲ့တာပါ။ အဲဒီအချိန်ကစပြီး သျှမ်းမှတ်မိတယ်။ မြေကြီးဟာ စောလာသူတွေအတွက် ရှိနေသေးတဲ့ အချိန်မှာဘယ်သူငြင်းနိုင်မှာလ။ သျှမ်းကအရင်ကျတယ်ဆိုတာ . . . သျှမ်းမှတ်မိတယ်ဖြစ်လာသမျှတွေ သျှမ်းမှတ်မိတယ် . . . သျှမ်းပြည်တစ်ပြည်လုံးသာမကနိုင်ငံဝေးရောက်သျှမ်းတွေပါနှစ်သက်တဲ့သီချင်းပါ။

ပင်လုံစာချုပ်

အဲဒီသီချင်းကိုရေးချင်နေတာကြာလှပါပြီ။ နောက်ဆယ်နှစ်အကြာမှာခွဲထွက်ခွင့်ရလို့ခွဲထွက် ချင်ရင်ပေါ့လေ . . . အဲဒီ အတွေးဟာတစ်ဘဝလုံးကိုလွှမ်းမိုးထားသလိုပါပဲ။ ဒါပေမယ့်ဘယ်လိုကောင်းအောင် စိတ်ဝင်စားလာအောင်ရေးရမလဲ ဆိုတာစဉ်းစားမရခဲ့ဘူး။

where-ru-panglong-a

ဒါပေမယ့်ထူးထူးခြားခြား သျှမ်းကာတွန်းတစ်ပုဒ်ကို တွေ့လိုက်ပြီးအတွေးရ လာတာပါ။ အဲဒီကာတွန်းထဲမှာ ဗိုလ်ချုပ် ကြေးရုပ်ရဲ့အိပ်ထောင်ကိုလူတစ်ယောက်ကနှိုက်ပြီး ‘သေသေချာချာရှာကြည့်ပါဦး’ လို့နောက်တစ်ယောက်ကပြောနေ တာပါ။အဲဒါနဲ့ပဲ ‘ဆယ်နှစ်တောင်ကြာခဲ့ပါပြီ။ သျှမ်းပြည်ကြီးလည်းပြန်မရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်နဲ့ ပါသွားပြီထင်တယ်။ ဘယ်ရောက်သွားပြီလဲ ပင်လုံစာချုပ်ရယ် ‘လို့အဓိပ္ပာယ်ရတဲ့သီချင်းကို ရေးခဲ့ပါတယ်။ ၁၉၇၁ လောက်ကထင်ပါတယ်။ စာပေစီစစ်ရေးက ခွင့်ပြုမှာမဟုတ်လို့ ယနေ့ထက်တိုင် ထုတ်ဖော်ပုံနှိပ်ခြင်းသီဆိုခြင်း မပြုခဲ့ရပါဘူး။ မိုးကုတ်မှာထင်တယ်။ တစ်ခါတော့ဆိုပြခဲ့ဖူးပြီး ကျန်တဲ့သူတွေရ သွားသီဆိုသွားကြတာပါ။ သျှမ်းပြည်က လူတွေရူးသွပ်ခဲ့တဲ့သီချင်းပါပဲ။

သက္ကရာဇ်၂၀၀၀ ပြည့်နှစ်အတွက်စပ်ခဲ့တဲ့ကဗျာကတော့

A place beyond dream,
Where what dream is what has been,
A thought for onself persued,
Turns out for all living things

အိပ်မက်လွန်နေရာ
မှန်းတာညီမျှခြင်းဖြစ်တာ
အတ္တတွေးဆုံးထိလိုက်ရှာ
များသတ္တဝါတွက်ဖြစ်လာ
သျှမ်း ၊ မြန်မာ ၊ အင်္ဂလိပ် (၃)ဘာသာနှင့်ရေးစပ်ခဲ့ပြီးပို့ကဒ် ၊ ပိုစတာ ၊ တီရှပ်များထုတ်ခဲ့ပါတယ်။

ဖြတ်သာသွားတယ်မနားတယ်။

ကျွန်တော်သျှမ်းပြည်မြောက်ပိုင်းတွင်ကျင်လည်တာများနေပါပြီ။ အဲဒီအချိန်မှာကျွန်တော်အစ်ကိုကတော့ GTI မှာဝင်ရ တော့သူနှင့်တစ်ခါအလည်လိုက်သွားမိတယ်။ မန္တလေး ပတ်ဝန်းကျင်လောက်ကမီးတိုင်ကြီးတွေကို အစ်ကိုက ' ဒီလျှပ် စစ်မီးတိုင်ကိုကြည့်ထားနော်။ အဲဒါကလောပိတကထွက်ပြီးရှမ်းပြည်ကိုဖြတ်ပဲဖြတ်သွားတာ။ ဘာမီးမှလဲမပေးဘူး’ ဆိုပြီး ပြောတော့ ရေးဖြစ်လိုက်တဲ့သီချင်းတစ်ပုဒ်ပါ။

မန္တလေးရောက်သျှမ်းတစ်ယောက်

မန္တလေးရောက်ပြီးဘယ်နေရာမှအဆင်မပြေနိုင်ဖြစ်နေသူရဲ့ဘဝကိုရည်ရွယ်ပြီးရေးသား ထားတဲ့ ကို့ကိုယ်ပိုင်ခံစားချက် သီချင်းတစ်ပုဒ်ပါအဆုံးသတ်ကျတော့" ဘယ်လောက်နှိမ်ပေမယ့်လဲ မထူးတဲ့အကြောင်းကိုတော့ အချစ်နဲ့တိုင်းတာပြ လိုက်တယ်။ မန်းပျိုဖြူတစ်ယောက်ကို သျှမ်းချစ်လဲ ဗမာထက်မလျော့တာ တကယ်တမ်းပြခဲ့တယ်။ ဒါပေမယ့်လဲ ငွေဂုဏ်မရှိတော့ယောက္ခမ မကြည် မအောင်နိုင်သေးတော့မိဘမကြည် မှီစရာခိုစရာမဲ့ ။ အိုနောက်ဆုံးတော့ မန္တလေးရောက် သျှမ်းတစ်ယောက်ရဲ့အဖြစ်ဟာမလွယ်ပါလား။ ဒါပေမယ့်လဲ နေရာချင်းတော့ မလဲချင်ဘူး။ တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူချင်ပါတယ်။ အို….. မန္တလေးယောက်သျှမ်းတစ်ယောက်တော ပြုံးနေရီနေမြဲ

လူငယ်ခြေကျ

ဟိုတုန်းကတင်ဝင်း (ဆေး/မန်း) ကျွန်တော့်တို့အခေါ်အရတော့ကို Ronald Yin ပေါ့လေ သူပြောလေ့ရှိတဲ့စကား တစ် ခွန်း ပေါ့။ ကျွန်တော်ကတကယ်ကိုသဘောကျသွားတယ်။ ဘာလို့လဲ ဆိုတော့တက္ကသိုလ်တက်ပြီးအမျိုး ဘာသာ သာသနာ အတွက်ဘာမျှအသုံးမကျဘဲဖြစ်နေတဲ့လူငယ်တက္ကသိုလ်ထွက်တွေအများကြီးတွေ့ဖူးပြီးသားဖြစ်နေတာကိုး။ ဒါနဲ့ပဲအဲဒီသီချင်းကိုရေးဖြစ်တာပါ။ ဆိုတဲ့သူရော တီးတဲ့သူရော အားလုံးကြိုက်ကြပြီး သီချင်းပြီးတဲ့အချိန်နဲ့ Regional College တွေစတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားလို့ ကျွန်တော်ကနှမျောတသစွာနဲ့ပဲပြန်နုတ် လိုက်ရတဲ့သီချင်းတစ်ပုဒ်ပါ။

စာခြောက်ရုပ်

အဲဒီဇာတ်လမ်းလေးကတော့ နိုင်ငံခြားစာရေးဆရာကြီး Nathaniel Horthorne ရဲ့ဝတ္ထုတိုကို အကျဉ်းပြန်ရေးထားတဲ့ Feather Top ဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြီး ရေးဖြစ်သွားတာပါပဲ။ ဒီဝတ္ထုမှာစုုန်းမကြီးတစ်ယောက်ကနေ စာခြောက်ရုပ် တစ်ခုလုပ်ရင်းနဲ့ရုပ်သိပ်ချောသွားတဲ့အတွက်အသက်သွင်းပြီးလူပြည်ကိုသွားခိုင်းခဲ့ပါတယ်။ ဒါပေမယ့်သူထင်သလိုအဆင်ပြေမလာဘဲ စာခြောက်ရုပ်ကသူ့တကယ့်အသွင်ကိုမှန်ထဲမှာမြင်ပြီးမှတ်မိသွားတဲ့အတွက်ပြန်လာတာကို စုန်းမကြီး ကတော့ နောက်ဆုံးတော့ လက်လျှော့ပြီး အစကတည်းကရည်ရွယ်ထားသလို ငါ့ပြောင်းဖူးခြံကိုသာ စောင့်ပေတော့လို့ လိုက်လျောခဲ့ရတဲ့ဇာတ်လမ်းလေးပါ။ ဟိုတုန်းက ၁၉၇၂ -  ၇၃ ခုနှစ်လောက်ကသီချင်းအဖြစ်ရေးသားပြီး ရွှေကြယ် ငွေကြယ် စတဲ့စကားလုံးတွေပါနေလို့ ဆင်ဆာကိုမတင်ဖြစ်လိုက်ဘဲချန်ထားတဲ့သီချင်းတစ်ပုဒ်ပါ။ အခုအခွင့်သာလို့ပြန် တင်ပြရတဲ့သဘောပါ။

ကျွန်တော်စာရေးသူဘဝကတော့အဆင်မပြေမှုတွေကြားထဲကနေ အခကြေးငွေရယ်လို့ ရသင့်တာလဲမရ။ မရသင့်တာ ဆိုပိုဝေးပြီပေါ့။ အဲဒီလိုအခြေအနေမျိုးမှာအထူးသဖြင့် ဝေဖန်တာကိုတော့တစ်ဖက်သက်ချည်းပဲခံပြီး ဆက်လုပ်လာ ရတာပါ။ ဒီကြားထဲမှာထွက်လာတဲ့သီချင်းတွေကို အားပေးနေကြတဲ့ပရိတ်သတ်ရဲ့အင်အားက ကိုးစားစောင့်မျှော်ရင်း နဲ့ဆက်ရေးဖြစ်ခဲ့တာပါ။ အရေးကြီးတာကတော့ကိုယ်မှန်တယ်ထင်သရွေ့ကိုယ်ရေးနိုင်ခဲ့ရင်၊ သီချင်းဖြစ်ခဲ့ရင်ပြီးတာ ပဲဆိုပြီး မျက်စိမှိတ်လုပ်ခဲ့တာပါ။ မျှော်လင့်ချက်ကိုမျက်ခြေမပြတ်ပါစေနဲ့။ဘယ်တော့မှမပျောက်စေနဲ့ဆိုတဲ့ တစ်ခုတည်း သောရည်မှန်းချက်ကို ခိုင်ခိုင်မာမာချမှတ်နိုင်ဖို့ပါပဲ။

နိဂုံး

သီချင်းရေးသမားဘဝကိုခံယူပြီး တစိုက်မတ်မတ်လုပ်ခဲ့တာ ယနေ့ထက်တိုင်ပါပဲ။ ဒီအလုပ်က ပြီးသွားပြီ နားရပြီဆိုတာ မရှိခဲ့ပါဘူး ၊ ခုတော့ဒီအစည်းအဝေးကြီးက ယုံကြည်မှုသာ တကယ်တည်ဆောက်ပြီး ပေးစွမ်းခဲ့တယ်ဆိုရင် အားလုံး အတွက်လုပ်ကိုင်ခဲ့တာတွေ တစ်ပိုင်းတော့ပြီးသွားနိုင်လောက်ပါတယ်။ ဖြစ်ပါစေလို့လဲ ဆုတောင်းရင်းနဲ့ပဲ နိဂုံးချုပ် ပါရစေ။

အားလုံးကိုကျေးဇူးတင်ပါတယ်

 

VCD news on March 2014

သတင်းများကို Email ကနေရယူဖတ်ရှုရန်အတွက် သင့် Email ထဲ့ပြီး Subscribe နှိပ်လိုက်ပါ။:

cover

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

Line Lay Media & Entertainment Group | ASEAN Celebrity