Shan Herald Agency for News (S.H.A.N.)

အပစ်ရပ်ခိုင်မာရေး အစိုးရအပေါ်မူတည် (တွေ့ဆုံမေးမြန်းခန်း)

E-mail Print

ဖေဖော်ဝါရီ ၇ ရက် ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့ကို သျှမ်းပြည်တပ်မတော်ဌာနချုပ် လွယ်တိုင်း လျဲန်းမှာကျင်းပခဲ့ပါတယ်။  သျှမ်းပြည်နယ်နေ့ အခါသမယ လွယ်တိုင်းလျဲန်းကိုရောက်စဉ်  အနာ ဂတ် နိုင်ငံရေးစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ သျှမ်းပြည်တပ်မတော်ရဲ့ ပြည်ထဲရေး ဌာနတာဝန်ခံ ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်  ဗိုလ်မှူးချုပ် ပေါင်ခေးကို သျှမ်းသံတော်ဆင့်က တွေ့ဆုံ မေးမြန်းထားပါတယ်။

Interview_Sao_Pong_Khur
သျှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရတို့ အပစ်ရပ်သဘောတူညီပြီး  ထိန်းချုပ်နယ်မြေတွေကိုလဲ သတ်မှတ်ပြီးပြီ။ ဒါပေမယ့် ဌာနချုပ်ရုံးဖွင့်ဖို့ ဟိုမိန်းကိုပေးလိုက်တယ်ဆိုတော့ ဟိုမိန်းမှာ မဟာကြာ အဖွဲ့လဲ ရှိတယ်။ ဘယ်လိုနေထိုင်ကြမလဲ။

တောင်ကြီးမှာ ၁၆ ရက်နေ့က ပြည်ထောင်စုအဆင့် ဆွေးနွေးတယ်။ ကျနော်တို့ထိန်းချုပ် နယ်မြေ အဖြစ် ဟိုမိန်း မိုင်းတော့မိုင်းထားကိုတောင်းဆိုတာ သူတို့ပေးတယ်။  ခုလောလောဆယ် ဟိုမိန်းမှာပြည် သူ့စစ်လဲရှိတယ် တပ်မတော်လဲရှိတယ်ဆိုတော့ တဖြေးဖြေး ယုံကြည်မှုတည်ဆောက်ပြီးမှ အစိုးရဖက် က တပ်ဆုတ်ပေးမယ်လို့ သဘောတူတယ်။ ကျနော်တို့ဝင်  နေရင်တော့ အုပ်ချုပ်မှုက  အဆင့် ၂ ဆင့် နဲ့သွားမယ်။ တခုက ခရိုင်အဆင့်မှာ နဂိုအတိုင်း အစိုးရမူ အတိုင်းသွားမယ်။ နောက်မြို့နယ်အဆင့်မှာ တော့  ကျနော်တို့ မူအတိုင်းသွားမယ်။ ဟိုမိန်းမြို့နယ်က လင်းခေးခရိုင် အောက်မှာရှိတယ်ဆိုတော့ ကျနော်တို့ ၂ ဆင့်သွားမှာပါ။ ဒီနေ့ထိ အစိုးရဖက်က သူတို့တပ်တွေကို ဆုတ်ပေးဖို့ မပြောသေးဘူး။ ကျနော်တို့ ဖက်ကလည်း နယ်မြေ ဆင်းမကြည့်ရသေးဘူး။ အဓိကကတော့  ၁၆ နှစ်ကျော်ကြာ ကွဲနေတဲ့ကျနော်တို့ သျှမ်းတပ် အချင်းချင်း တခုတဲဖြစ်အောင် လုပ်သွားမယ်။  လူနေမှုစနစ်တိုးတက်မြင့်မားအောင် အရင်လုပ်မယ်။


 ဌာနချုပ်ရုံးစိုက်တဲ့မြို့မှာ လူနေမှုစနစ်မြင့်တင်ဖို့အတွက် သျှမ်းတပ်က စစ်မိသားစုကလဲ အတူလိုက်နေမယ်ဆိုတော့  နေရာထိုင်ခင်းကအစ ဘယ်လိုစီစဉ်ထားသလဲ။

နေရာကတော့ စိတ်မပူရဘူး။ ကျနော်တို့ ထိန်းချုပ်ဖူးတဲ့နယ်မြေဆိုတော့ မပူရဘူး။ အုပ်ချုပ်ရေးဖက် မှာ တော့ အံဝင်ဂွင်ကျ သိပ်မဖြစ်သေးတာ ကြုံရမယ်။  ဝမ်းစာရှာဖွေဘို့အတွက်တော့ ပြဿနာ မရှိဘူး။


ပညာရေးဆိုရင် ကျောင်းတို့ ကျန်းမာရေး ဆိုရင် ဆေးရုံပေါ့နော် နောက်ပြီး နယ်စပ်နဲ့နီးတော့ ဟိုတယ် အဆောက်အအုံ ဒီဟာတွေ တည်ဆောက်ဖို့အတွက် ဘယ်လိုစီစဉ်ထားလဲ။

ကျောင်းကတော့ ရေရှည်စီမံကိန်းအတွက်စဉ်းစားမယ်။ လောလောဆယ် အစိုးရနဲ့ တွဲပြီးလုပ် သွား မယ်။ လောလောဆယ် ကျနော်တို့ချည်းလုပ်လို့ အဆင်သင့်မဖြစ်သေးဘူး။ နောက်ပိုင်း သျှမ်းစာကိုလဲ ကျောင်းမှာသင်ကြားခွင့်ရအောင် သျှမ်းပြည်တဝှမ်းလုံးမှာသင်ကြားခွင့်ရအောင် အစိုးရဆီ တောင်း  ပေးမယ်။   စိုက်ပျိုးရေးမှာလဲ ကျနော်တို့ သျှမ်းပြည်တဝှမ်းလုံးကလူထုရဲ့ခြံထွက် သီးနှံတွေကို ကုမ္မဏီ ထောင်ပြီး ဒိုင်ခံဝယ်မယ်။  နိုင်ငံခြားပို့မလား အစိုးရဆီကိုရောင်းမလား ကြားထဲက ကြိုးစားဆောင် ရွက် ပေးမယ်။ ကမ္ဘာ့အဆင့်မီအောင် လုပ်ပေးမယ်။ ခုက ရွာအဆင့်ဘဲလုပ်တတ်သေးတာကိုး။ မိသားစုစားလောက်တဲ့အဆင့်ဘဲစိုက်ကြတာကိုး။   စစ်မိသားစုကိုလဲ ဒီဂွင်ထဲဝင်နိုင်အောင်  ၊ အလုပ်လက်မဲ့ဆိုတာ မရှိရအောင် ကြိုးစားပေးမယ်။


ဟိုမိန်းဆိုတာ နယ်စပ်ဖြစ်တဲ့အတွက် ကုန်သွယ်ရေးအတွက် ဘယ်လမ်းကြောင်းကို ပိုပြီး အားကိုးမလဲ။

ကုန်သွယ်ရေးလမ်းကြောင်း ၁ ကတော့ လင်းခေးပေါ့။ ထိုင်းဆိုရင်လဲ မယ်ဟောင်ဆောင်ပေါ့။   လမ်း ကြောင်း ၂ က ခုလောလောဆယ် အစိုးရက မိုင်းပန် တာဆွပ်ပတ် မိုင်းတော့ မိုင်းထား ပန်ကမ့်ကော် လမ်းကိုလုပ်နေတယ်ဆိုတော့ ဒီလမ်းကိုလဲ အဓိကကုန်သွယ်ရေးလမ်းဖြစ်အောင် လုပ်မယ်။ နောက် တလမ်းကတော့ ဟိုမိန်း၊ မိမိုင်းထား နဲ့ နားကောင်းမူးလမ်း ပေါ့။ ကုန်သွယ်ရေး လမ်း ၃ သွယ်ပေါ့။  ဥတု ၃ ပါးစလုံး သွားလာ ကူးသန်းနိုင်အောင် စီစဉ်မယ်လေ။


မိုင်းတော့ မိုင်းထားဖက်မှာလဲ ၀ တွေရှိနေတော့  ပြဿနာ မရှိလာနိုင်ဘူးလား။


ကျနော်တို့ လုပ်နေတာ ပြည်သူလူထုအတွက်ဆိုတော့ ဝ ဖက်ကလဲ ကျနော်တို့ကို နားလည်ပေး မယ် အတူတူပူးတွဲလုပ်နိုင်မယ် လို့ယုံကြည်တယ်။  ခုထိလဲ ဘာမှ ပြဿနာမရှိဘူး။


ဟိုမိန်းက နယ်မြေဟောင်းတခုဆိုပေမယ့် အခု ပြန်လည်ထိန်းချုပ်ဖို့ က တည်ဆောက်ရေးမှာ ပိုက်ဆံသုံးရ ဦးမယ်မဟုတ်လား။

 အစိုးရက ကျနော်တို့ကို ကုမ္မဏီထောင်စေချင်တယ်။ နိုင်ငံခြားနဲ့ ဆက်သွယ်စေချင်တယ် ပြည်တွင်း ထုတ်ကုန်တွေကို ပြည်ပ ပို့စေချင်တယ်။   ဘတ်ဂျက်နဲ့ စီမံကိန်းကိုလည်း ကျနော်တို့ဆွဲထားပြီးပြီ။ ကျနော်တို့ဘတ်ဂျက်မလောက်ရင် အစိုးရဆီက တောင်းဖို့လဲ ပြောပြီးပြီ။ တည်ဆောက်ရေးအတွက် အသုံးပြုဖို့ တဖက်က အထောက်အကူရဖို့ ဒီ ၃ နှစ်အတွင်း ကုန်သည်  ကြီး တွေဆီကဘဲ  အခွန်ကောက်မယ်။ ပြည်သူတွေဆီက မကောက်ဘူး။  နောက်တခု အဲန်ဂျီအိုတွေဆီကလဲ မျှော်လင့်ထားတယ်။ ဆိုတော့   အားကိုးဖို့ ၃ နေရာပေါ့။


အဲ့ဒီလိုဆိုရင် ကုမ္မဏီ ရယ် အစိုးရရယ်  အဲန်ဂျီအိုတွေဆီက အဓိက ရမယ်ပေါ့နော်။

ဟုတ်ကဲ့ ရေရှည်ပေါ့နော်။ တိုင်းပြည်အေးချမ်းနေမယ်ဆိုရင်တော့ ကျနော်တို့ ဝင်ငွေလဲပုံမှန်ဖြစ်လာ ရင်ပြည်သူတွေ ဒီထက်ပိုပြီး အခွန်ကင်းလွတ်ခွင့်ရမှာပါ။ ခုလောလောဆယ်တော့ ပြောင်းလဲရေး ကာလ အတွက် ဘဲစီစဉ်ထားတာကိုး။


ပြောင်းလဲရေးကာလမှာ ဆောက်လုပ်ရေး ပစ္စည်းတွေ ဈေးတက်နိုင်မလား။ လူထုကိုထိခိုက်နိုင်မလား။

တက်နိုင်ပါတယ်။ လူထုကိုလဲ အနည်းနဲ့အများတော့ ထိခိုက်နိုင်ပါတယ်။ ဒီပစ္စည်းတွေ ဈေးမတက်အောင်တော့ အစိုးရမှာ မူတည်တာပေါ့။ အလွန်အမင်းဈေးတက်ခြင်းမဖြစ်အောင်တော့ အစိုးရကို ထိန်းပေးဖို့ ကူပြောပေးမှာပါ။ မတက်အောင်ကိုယ်တိုင်ဟန့်တားဖို့တော့ လုပ်ခွင့်မရှိပါဘူး။
 

ဌာနချုပ်ကို မိုင်းထားမှာ ဟိုမိန်းမှာ ထားမယ်ဆိုရင်တော့ သျှမ်းပြည်အနှံ့ ရောက်နေတဲ့ စစ်သားတွေ ရော။

စစ်သားတွေကိုတော့ ရောက်တဲ့နေရာမှာဘဲဆက်နေမယ် လှုပ်ရှားနေမယ်။ ဒီဌာနချုပ်မှာ လုံခြုံရေး တာဝန်ယူဖို့လဲအဆင့်သင့်ဖြစ်ပြီးပြီ အစိုးရနဲ့ညှိနှိုင်းလို့မရသေးတာတခုဘဲ ကျန်ပါတယ်။ 

အစိုးရတပ်ကလဲ ဌာနချုပ်မှာ လုံခြုံရေး တာဝန်ယူပေးမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။
 
အစိုးရက ကျနော်တို့ကို တနေရာထဲမှာစုစည်းပြီး နေစေချင်တယ်။ တခြားနေရာကနေ တပ် ဆုတ်ခိုင်း တယ်။ ကျနော်တို့ကတော့ မဆုတ်နိုင်ဘူး။ ဆုတ်လာလို့ရှိရင် နယ်မြေကကျဉ်းတော့ ဘယ်လိုနေရာ ချပြီး လုပ်ကိုင်စားသောက်မလဲ။ ဒါကြောင့် ရှိတဲ့နေရာမှာဘဲဆက်နေစေမယ်။ ဒီထက်ပိုပြီးတင်းကျပ် လာ မယ်ဆိုရင် ထိပ်တိုက်ဖြစ်လာမယ်ဆိုတာ အစိုးရက သိတဲ့အတွက်ကြောင့် သူလဲ ကျနော်တို့အပေါ် တအားကြီး တင်းကျပ်မယ်လို့မထင်ဘူး။ ခုလောလောဆယ်တော့ ဝမ်းရေးက အဓိကမို့  စိုက်းပျိုးမွေး မြူ ရေး ကိုဦးစားပေး စလုပ်သွားမယ်လို့လဲကျနော်တို့က ပြောထားတယ်။

အပစ်ရပ်ရေးဘဲဆွေးနွေးနေသေးတယ်။ နောက်ပိုင်း မျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာရင် ကတိစကားတွေက  ရှေ့နောက် မညီရင် အပစ်ရပ်ရေးသဘောတူညီချက် ပျက်စီးနိုင်မလား။ ကျနော်တို့ထွက်ပေါက် ရှိပါ့မလား။

အစိုးရအပေါ်မှာ မူတည်တယ်။ အစ ကတည်းက ကျနော်တို့ လုပ်နေတာဟာ ငြိမ်းချမ်းရေးလိုချင်လို့၊  နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းချင်လို့ ဖြစ်တယ် ဆိုတာ ပြောပြီးသား။ အပစ်ရပ်ရေး ပျက်စီးမယ်ဆိုရင်တော့ အစိုးရဖက် ကဘဲ ဖြစ်လိမ့်မယ်။ ကျနော်တို့ဖက်ကတော့ လုံး၀ စတင်ချိုး ဖောက်မှာ မဟုတ်ဘူး။ သို့ပေမယ့် ကိုယ့် ကိုယ် ကိုကာကွယ်ဖို့နဲ့ အမျိုးသားရေးကိုကာကွယ်ဖို့အတွက် တော့ အမြဲ အသင့်ဖြစ်နေမယ်။

ဒီနေ့အထိ သျှမ်းပြည်တဝှမ်းလုံးငြိမ်းချမ်းရေးကို လိုချင်တယ်။ ပြည်ပဖိအားနဲ့အတူ အစိုးရကလဲ လက်ကမ်းလာတယ်။ ကျနော်တို့အခွင့်ကောင်းတခုပါ။ ဒီအခွင့်ကောင်းကိုယူပြီး ကျနော်တို့ လူထု  လူငယ် လင်နင်ကိုင်တပ်ဖွဲ့ ပါတီ တွေ ချိတ်ဆက်လို့မမှီနိုင်သေးတဲ့နေရာတွေကို ချိတ်ဆက်နိုင်အောင် ကြိုးစားမယ်။ ညီညွတ်ရေးစိတ်ဓါတ်အတွက် လုပ်သွားမယ်။ ခုချိန်မှာ ညီညွတ်မှုမရရင်အခွင့်အရေး လက်လွတ်ရမယ်။ မငြိမ်းချမ်းသေးတာက မျက်နှာချင်းဆိုင်ခွင့် မရသေးလို့ဖြစ်တယ်။ ဒါကြောင့် အခွင့်အရေးရတုန်း ပြောရဲဆိုရဲ ဆွေးနွေးရဲဖော်ထုတ်ရဲရမယ်လို့ တိုက်တွန်းအားပေးချင်တယ်။

ဆက်ဆံရေး ရုံးတွေက ဘယ်နေရာတွေမှာ ဖွင့်ပြီးပြီလဲ။


တောင်ကြီး ခိုလမ် ကျိုင်းတုံ တာချီလိတ် မိုင်းဆတ်နဲ့ မူဆယ် တွေမှာ   တရားဝင်ရုံးတွေ ဖွင့်ထားပြီး ပြီ။ ဆက်ဆံရေးရုံးဆိုတာက လူထုအတွက် ရည်ရွယ်တယ်။ အစိုးရနဲ့ လူထုကြား နားလည်မှုလွဲမှား နေ တာတွေကို  ဝင်ထွက်ပြောဆိုနိုင်အောင်ပေါ့။ လူထုကနေ ဘယ်လိုပြဿနာမျိုး အခက်အခဲမျိုးမဆို ရင်ဆိုင်လာရင် ကျနော်တို့ရုံးကို လာရောက်ဆက်သွယ်နိုင်ပါတယ်။

 

ဆက်သွယ်မေးမြန်းခန်း

VCD news on May 2012

Myanmar Online Music

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

Myanmar Online Music