ကချင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇခုံတိန့်ယိန်း ဟာသျှမ်းတိုင်း ရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညနေပိုင်းတုန်းက ရန်ကုန်မြို့ရှိ နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။

ဇခုံတိန့်ယိန်း ဟာ ခွန်ထွန်းဦး နဲ့ အိမ်နီးချင်းလည်းဖြစ်၊ တိုင်းရင်းသားများရဲ့ ခေါင်းဆောင်လည်း ဖြစ်ပြီး လွတ်မြောက် လာတာကိုဝမ်းသာစကား လာရောက်ပြောကြားနှုတ်ဆက်လိုတာကြောင့် လွှတ်တော်နားရက်မှာအချိန်ယူပြီး တမင်လာ တွေ့တာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် က ပြောပြပါတယ်။
“ဇခုံတိန့်ယိန်း ပြောသွားတာတွေက အစဉ်လာကြီးတဲ့ ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင်၊ တိုင်းရင်း သားများရဲ့အရေးကို ဦးဆောင်တောင်းဆိုလာသူတစ်ယောက်အနေနဲ့တိုင်းရင်းသားများရဲ့ စည်းလုံး ညီညွတ်ရေး၊ မိမိတို့ရဲ့ပြည်နယ် ဒေသ တွေမှာ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် ရပ်တည်နိုင် ရေးအတွက်ဆက်လက်ဦးဆောင်ဦးရွက်ပြုဖို့ တိုက်တွန်း ပန်ကြားလိုတယ်၊ သူတို့ကလည်းလွှတ် တော်ထဲက ကြိုးစားနေပါတယ်” - လို့ စိုင်းလိတ်ကပြန်လည်ပြောပြပါတယ်။
ခွန်ထွန်းဦး ကလည်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူအရ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေး၊တန်းတူညီမျှမှုရရှိရေးအတွက် မိမိကလည်း ဆက်လက်ကြိုးပမ်းမည်ဖြစ် ကြောင်းလာရောက်တွေ့တာကို ဝမ်းသာကျေးဇူးတင်ကြောင်း ပြောကြားသွားကြောင်း လည်းသိရပါ တယ်။
ကျန်းမာရေး၊ ငြိမ်းချမ်းရေးကိစ္စများနှင့် အထွေထွေကိစ္စများကို ဆက်လက်ဆွေးနွေးပြီး ဇခုံတိန့်ယိန်း ပြန်သွားပါတယ်။
ဇခုံတိန့်ယိန်းဟာ ခွန်ထွန်းဦး နေထိုင်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကိုးမိုင်စော်ဘွားလမ်းရှိ နေအိမ်နှင့် မျက်နှာချင်းဆိုင် အိမ်တွင်နေထိုင်သူလည်းဖြစ်ပြီး ဆယ်နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအကြိမ်တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။
ဇခုံတိန့်ယိန်း သည် ၁၉၆၀ ပြည့်နှစ် အစောပိုင်းများက KIA တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး KIA အတွင်း ခွဲခြားဆက်မှုရှိ တယ်လို့ဆိုပြီး KIA ကနေ ခွဲထွက်ကာဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ (၁၀၁)စစ်ဒေသ ကိုဦးဆောင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီမှ ထပ်မံခွဲထွက်ပြီးတော့ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) New Democracy Army (Kachin) အမည်သစ်နဲ့ငြိမ်းချမ်း ရေးရယူခဲ့ပါတယ်။ ၂၀၀၉ NDA-K နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ခဲ့ပြီး ခေါင်းဆောင်ဖြစ်တဲ့ ဇခုံတိန့်ယိန်းက ၂၀၁၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


