သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်အနီး ယောင်ခါ နားယောင်းကျေးရွာဈေးဖွင့်ပွဲနှင့်အတူ လောင်းကစား ဝိုင်း လည်းဖွင့်လှစ်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက် ပြောပါသည်။

“ နိုဝင်ဘာ ၁၅ ကနေ နိုဝင်ဘာ ၂၆ ရက်အထိ ၁၁ ရက် ပွဲကျင်းပတယ်။ ဗမာပြည်က နာမည်ကြီးအဆိုတော်တွေ ၁၀ ယောက်ကျော်လာတယ်။ ဂုံဂင်းတို့၊ ဂျင်ဝိုင်းတို့ အစရှိ လောင်းကစားဝိုင်းတွေရှိတယ်။ ပွဲပြီးတဲ့ နောက် တရက် ၂၇ ရက်မှာ ဈေးနေ့သတ် မှတ်ပြီး ၅ ရက်တဈေး ရှိသွားမယ်လို့ကြေငြာတယ်” ပွဲသို့ဈေးသွား ရောင်းသည့် မိုင်းဆတ်ဒေသခံတဦးက သျှမ်းသံတော်ဆင့် အားပြောပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ ယောင်ခါ နားယောင်းရွာတွင် ဈေးဖွင့်ပွဲကျင်းပရာ ၀ တပ်ဖွဲ့အကြီးအကဲ မိုင်းလားအကြီးအကဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အကြီးအကဲများလည်း တက်ရောက်ကြကြောင်းသိရသည်။
ထို့အပြင် မိုင်းဆတ်မှ စကခ ၁၄ မှူး၊ ခရကမှူး၊ ရဲ မှူး တို့မှအပြင် ကျိုင်းတုံမှ ဂျီဝမ်းလည်း တက်ရောက်ကြောင်းသည်ဟု ဝ အရာရှိငယ်တဦးကပြောပါသည်။
“ဈေးဖွင့်ပွဲကို ကျနော်ရယ် ကျနော့်တပည့်နှစ်ယောက်ရယ်သွားတယ်။ ၀ ခေါင်းဆောင်တွေနဲ့ ကျနော်တို့သွားတွေ့တယ်။ ဗဟိုကော်မတီဝင် လူကြီးတွေနဲ့လဲတွေ့ခွင့်ရတယ်။ မြောက်ပိုင်း ဒုစစ်ဒေသတပ်မှူး နဲ့လဲတွေ့တယ်။ ကျနော်တို့နဲ့ သူတို့ ဆက်ဆံရေးက ကောင်းလာပါပြီ။ ညီရင်းအကိုလို သဘောထားပြီးဆက်ဆံဖို့။ လွတ်လပ်စွာဝင်ထွက်သွားလာဖို့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့အနေနဲ့လဲ ဝမ်းမြောက် ဝမ်းသာဖြစ်ရတယ်လေ” - ဟု ဈေးဖွင့်ပွဲ သို့ရောက်ရှိခဲ့သည့် သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီဝင် ဗိုလ်မှူးချုပ်စိုင်းလူး ကပြောသည်။
အတည်မပြုနိုင်သေးသည့်သတင်းအရ UWSA ဝ တပ်ဖွဲ့ဦးဆောင်ဖွင့်လှစ်သည့် ထိုင်းနယ်စပ် နားယောင်းရွာဈေးဖွင့်ပွဲနှင့် အတူ ကာစီနိုလောင်းကစားရုံကြီး ဖွင့်လှစ်ခြင်းသာ ဖြစ်သည်ဟုလည်း ပြောသံထွက်နေပါသည်။



