ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မိုးလဲချောင်းအနီး နမ့်ပေါင်ရွေမှော်တွင် ယခုလ ၂ ရက်နေ့က KIA အဖွဲ့၏ တပ်သား သစ်စုဆောင်းမှုကြောင့် ဒေသတွင်းရှိလူငယ်များ ရွာတွင်မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၄င်းဒေသမှ လာသည့် သတင်းအရ သိရသည်။

နမ့်ပေါင်ရွှေမှော်၌ နှင်းအီရွာသား ၃၀ ကျော်ခန့် စုဆောင်းရေးဆွဲခေါ်ခံခဲ့ရပြီး မိုးလဲချောင်းရိုးတစ်လျှောက် ရွာစဉ်များ ဖြစ် သည့် နှင်းအီ ၊ တိန်းတော်နှင့် မန်နှောင်ရွာမှ လူငယ်များ ဗန်းမော်မြို့ဘက် ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရသည်။
၎င်းနယ်သား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောရာတွင် “မိုးလဲချောင်းဘေး ရွာစဉ်တောက်လျှောက်ပဲလေ တိန်းတော် ၊ နှင်းအီ ၊ မန်နှောင်ရွာက အတွင်းဘက်နည်းနည်းကျတယ် နမ့်ပေါင်ရွေမှော်မှာဆွဲတုန်းက နှင်းအီရွာ သားကြီးပဲ ၃၀ ကျော်ပါ သွားတယ် တိန်းတော်ရွာထဲမှာလည်း အခြေအနေစောင့် ကြည့်နေတာရှိတော့ လူငယ်တွေ မနေရဲတော့ဘူး ဗန်းမော်ဘက် ထွက်ပြေးကြတယ် ” ဟု ဆိုသည်။
ဗန်းမော်မြို့နှင့်ကပ်လျှက်ရှိသည့် စင့်ကင်နှင့်နောင်ခိုကျေးရွာများတွင် နီးစပ်ရာ ဆွေမျိုးများထံ ထွက်ပြေးခိုလှုံ နေကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ် ဂျွန်လကတည်းက KIAနှင့် အစိုးရတပ်တို့ နှစ်ဘက်စစ်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ပြီး စစ်ပွဲများအတွင်း အစိုးရ တပ်ဘက်မှ ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများလည်း ရှိနေကြောင်း သိရသည်။
စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၅ သောင်းကျော်ခန့်ရှိနေပြီး ယနေ့တိုင် နေရပ်ပြန်နိုင်ခြင်းမရှိသေး ကြောင်း သိရသည်။
ဤကဲ့သို့တပ်သားစုဆောင်းရေးပြဿနာအခက်အခဲများကို သျှမ်းပြည်တပ်မတော် တောင်ပိုင်းမှလည်း အပစ်အခတ်မရပ်စဲမီက နှစ်စဉ်နှစ်တိုင်း တွေ့ကြုံခဲ့ရကြောင်း ပြောပြခဲ့ဖူးသည်။


